ယောက်ျားလေးတွေ သားကြောမဖြတ်ခင် ဒါတွေ အရင်စဉ်းစားပါ
ယောက်ျားလေးတွေ သားကြောဖြတ်တယ်ဆိုတာ မြန်မာနိုင်ငံမှာတော့ လုပ်လေ့လုပ်ထမရှိတဲ့ အမျိုးသား သန္ဓေတားနည်းလမ်းတစ်ခုပါ။ သူ့ကို Vasectomy လို့ခေါ်ပြီး သုက်ပိုးတွေကို သယ်ဆောင်ပေးတဲ့ ပြွန်ကိုဖြတ်တောက်လို့ ပိတ်လိုက်ခြင်းဖြင့် သုက်ရည်ထဲ သုက်ပိုးတွေ မပါတော့ဘဲ မျိုးအောင်နိုင်ခြင်းကို ထိန်းချုပ်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုး တော်တော်လေးနည်းပြီး ကိုယ်ဝန်ကို ထိရောက်စွာ တားပေးနိုင်တာကြောင့် နိုင်ငံရပ်ခြားမှာတော့ ဒီနည်းလမ်းကို အသုံးပြုတဲ့ အိမ်ထောင်သည်၊ အတွဲတွေ တော်တော်လေးများပါတယ်။ သားကြောဖြတ်ခြင်းရဲ့ အားသာချက်တွေကတော့
- ၁၀၀% နီးပါး ကိုယ်ဝန်ကို ထိရောက်အောင် ကာကွယ်ပေးနိုင်တယ်
- ပြင်ပလူနာအနေနဲ့ ဆောင်ရွက်ရတဲ့ ခွဲစိတ်ကုသမှုအသေးစားဖြစ်ပြီး နောက်ဆက်တွဲပြဿနာတွေ နည်းတယ်
- တစ်ကြိမ်တည်း ကုန်ကျစရိတ်ပေးရပြီး အမျိုးသမီးတွေ တားဆေးစွဲသောက်နေရတဲ့ ကုန်ကျစရိတ်ပေါင်းထက် ပိုသက်သာတယ်
- အိမ်ထောင်သည်၊ စုံတွဲတွေမှာဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံလို့ ကလေးမရနိုင်တော့ဘူး (နှစ်ယောက်လုံး ရောဂါပိုးကင်းရှင်းနေတယ်ဆိုမှပဲ အကာအကွယ်မဲ့ လိင်ဆက်ဆံသင့်ပါတယ်)
ဒါဆို သားကြောမဖြတ်ခင် သင့်အနေနဲ့ ဘာသိထားသင့်လဲ?
သန္ဓေတားနည်းလမ်းတစ်ခုဆိုပေမယ့် သားကြောဖြတ်ခြင်းဟာ ခွဲစိတ်ကုသမှုဖြစ်တာကြောင့် ကိုယ်တိုင်ရော ကိုယ့်လက်တွဲဖော်၊ အိမ်ထောင်ဖက်အနေနဲ့ သိထားဖို့၊ ကြိုတင်တိုင်ပင်ဆွေးနွေးထားဖို့နဲ့ သုံးသပ်ဖို့ လိုအပ်တဲ့အချက်တွေ ရှိပါတယ်။ ဒါတွေကတော့ -
၁။ သားကြောဖြတ်ခြင်းဟာ နှစ်ဦးလုံးအတွက် သင့်တော်တဲ့ သန္ဓေတားနည်းလမ်းတွေ ဟုတ်၊ မဟုတ်ဆိုတာကို အရင်ဆုံးဖြတ်ပါ။ သန္ဓေတားနည်းလမ်းလို့ ဆိုလာရင် နှစ်ဦးလုံးပါဝင်ပတ်သက်နေတာဖြစ်တဲ့အတွက် နှစ်ဦးလုံးအတွက် သင့်တော်ဖို့ လိုအပ်ပါတယ်။
- ကလေးလုံးဝ မယူတော့ဘူးလို့ ဆုံးဖြတ်ထားတာ
- မိန်းကလေးဘက်ကနေ ကျန်းမာရေးကြောင့် ကိုယ်ဝန်ဆောင်မရနိုင်တာ
- လူမှုရေး၊ ငွေကြေးအခက်အခဲတွေကြောင့် ကလေးမွေးဖို့ အဆင်မပြေတာ
- မျိုးရိုးဗီဇဆိုင်ရာ ရောဂါ၊ ကျန်းမာရေးပြဿနာတွေ ရှိနေတာဆိုရင်တော့ သားကြောဖြတ်ဖို့ ရွေးချယ်နိုင်ပါတယ်။
၂။ ခွဲစိတ်ကုသမှုဆိုပေမဲ့ ကြီးမားတဲ့ Surgery လိုမျိုး မဟုတ်တဲ့အပြင် ထုံဆေးနဲ့ ခွဲစိတ်မှာဖြစ်တာကြောင့် ရက်အနည်းငယ် နားရုံနဲ့ ကိုယ့်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြန်လုပ်နိုင်ပါတယ်။ မဖြစ်မနေ ဆေးရုံတက်ဖို့လည်း မလိုအပ်ပါဘူး။
- ၂ - ၃ ရက်အတွင်း လုပ်ငန်းခွင်ကို သွားရောက်အလုပ်လုပ်ကိုင်နိုင်ပါတယ်။
- ၇ ရက်အတွင်း ပုံမှန်အတိုင်း လေ့ကျင့်ခန်း၊ အားကစားတွေ ပြန်လုပ်နိုင်ပါတယ်။
- ၇ ရက်နောက်ပိုင်းမှာတော့ လိင်ဆက်ဆံမှုကို ပုံမှန်အတိုင်း ပြန်လုပ်နိုင်ပါတယ်။
- ၂ ပတ်အတွင်း ဒဏ်ရာ၊ ရောင်ရမ်းတာတွေ သက်သာသွားနိုင်ပါတယ်။
၃။ သားကြောဖြတ်ပြီးပြီးချင်း ကိုယ်ဝန်တားတဲ့ အကျိုးရလဒ်ကို ချက်ချင်းခံစားရမှာမဟုတ်ပါဘူး။ ခွဲစိတ်ကုသမှုအပြီး ပုံမှန်သုက်လွှတ်ပေးခြင်းဖြင့် နဂိုသုက်ရည်ထဲမှာ ကျန်နေတဲ့ သုက်ပိုးကောင်တွေကို လျှော့ချပေးရမှာဖြစ်ပြီး အကြိမ် (၂၀) ခန့် သုက်လွှတ်ပေးမယ်၊ ဒါမှမဟုတ် (၂) လလောက် အချိန်ယူမယ်ဆိုရင်တော့ ကိုယ့်သုက်ရည်မှာ သုက်ပိုးကင်းစင်သွားမှာဖြစ်ပါတယ်။
၄။ သားကြောဖြတ်ခြင်းကို နောက်ပြန်လှည့်ပြီး ခွဲစိတ်မှုကို Reverse လုပ်လို့ရပေမယ့် ကိုယ်ဝန်ရနိုင်ခြေ နည်းသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရှုပ်ထွေးတဲ့ ခွဲစိတ်မှုကို ၄ - ၆ နာရီအထိ ကြာမြင့်အောင် လုပ်ရမယ့်အပြင် ပြန် Reverse လုပ်ပြီးသွားရင်လည်း သေချာပေါက် ကိုယ်ဝန်ဆောင်နိုင်လိမ့်မယ်လို့ အတည်ပြုလို့မရပါဘူး။
ဒီအတွက် သားကြောဖြတ်ဖို့ ဆုံးဖြတ်ချက်မချခင် သေချာစဉ်းစားပြီး နှစ်ဦးသားတိုင်ပင်ထားဖို့ အရေးကြီးတယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကုန်ကျစရိတ်နဲ့ တခြားကျန်းမာရေးပြဿနာတွေကို ငဲ့ကြည့်ဖို့ လိုအပ်တာကြောင့် နိုင်ငံခြားထွက်ပြီး သားကြောဖြတ်ဖို့ စဉ်းစားနေတဲ့ အမျိုးသားတွေအနေနဲ့ ပြသနေတဲ့ ဆရာဝန်နဲ့ရော ကိုယ့်ရဲ့လက်တွဲဖော်နဲ့ပါ ကြိုတင်တိုင်ပင်ထားဖို့ မှာကြားလိုက်ပါတယ်။
ရဲမျိုးမြတ်